ရင်ဘတ်အောင့်တာ စိုးရိမ်စရာလား
ရင်ဘတ် မအောင့်ဖူးတဲ့သူရယ်လို့ ရှိမယ်မထင်ပါဘူး။ လူတိုင်း လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်တော့ ရင်ဘတ်အောင့်ဖူးကြပါလိမ့်မယ်။ ရင်ဘတ်အောင့်တိုင်း စိုးရိမ်ရလားဆိုရင်တော့ မဟုတ်ပါဘူးလို့ပဲ ဖြေပါရစေ။
စိတ်ပူပန်၊ စိတ်ဖိစီးတာ၊ အစာမကြေတာလိုမျိုး စိုးရိမ်စရာ မလိုတာကစလို့ နှလုံးသွေးကြောပိတ်တာ၊ နှလုံးကြွက်သားပုပ်တာလိုမျိုး အသက်အန္တရာယ် ချက်ချင်းဖြစ်နိုင်တာမျိုးတွေ အထိ ရင်ဘတ်အောင့်ရတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ရင်ဘတ်အောင့်တဲ့အခါ ဘာကြောင့် အောင့်တာလဲ ဆိုတဲ့ အကြောင်းရင်းကို သိမှသာ စိုးရိမ်စရာ ဟုတ်မဟုတ် ခွဲခြားနိုင်မှာပါ။ ဒီတော့ ရင်ဘတ်အောင့်ရတဲ့ အကြောင်းရင်းလေးတွေကို ပြောပြမယ်နော်။
နှလုံးနှင့်ဆက်စပ်သော ရင်ဘတ်အောင့်ခြင်း...
နှလုံးနဲ့ ဆက်စပ်ပြီး ရင်ဘတ်အောင့်ရင် အောက်ပါ လက္ခဏာတွေထဲက တစ်ခုခုဖြစ်စေ၊ တစ်ခုထက်ပို၍ ဖြစ်စေ တွေ့ရတတ်ပါတယ်။
-
ရင်ဘတ်ထဲမှာ လေးလံပူလောင်ပြီး တင်းကြပ်နေတာ
-
ကြိတ်ခြေဆွဲဆုပ်ထားသလို အောင့်ပြီး ကျောကုန်း၊ လည်ပင်း၊ မေးရိုး၊ ပခုံးနဲ့ လက်မောင်းတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးထိပါ ပျံ့နှံသွားတာ
-
အသက်ရှုကြပ်တာ
-
ချွေးစေးတွေထွက်တာ
-
ပျို့အန်တာ
-
အားနည်းပြီး မောပန်းမူးဝေနေတာ
ဒီလို လက္ခဏာတွေ ဖြစ်လာရင်တော့ စိုးရိမ်ရတာမို့ ဆေးရုံဆေးခန်း ချက်ချင်း သွားသင့်ပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့
- နှလုံးသွေးခဲပိတ်ပြီး ရုတ်တရက် နှလုံးအမောဖောက်ခြင်း
- နှလုံးကြွက်သားပုပ်ခြင်း
- နှလုံးသွေးကြောကျဥ်းခြင်း
- နှလုံးသွေးလွှတ်ကြောမကြီး ပေါက်ခြင်း
- နှလုံးအမြှေးပါးရောင်ခြင်းတို့ ဖြစ်ပါတယ်။
အဆုတ်နှင့် ဆက်စပ်သော ရင်ဘတ်အောင့်ခြင်း...
အဆုတ်နဲ့ ဆက်စပ်နေရင်တော့
-
ရုတ်တရက်အောင့်တာ
-
ချောင်းဆိုးရင် ပိုအောင့်တာ
-
အသက်ရှူမဝ၊အသက်ရှူကြပ်တာ
-
မောပန်းတာ
-
ခြေလက် နဲ့နှုတ်ခမ်းတွေ ပြာနှမ်းတာမျိုးနဲ့ တွဲနေတတ်ပါတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းတွေက
- အဆုတ်သွေးလွှတ်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း
- အဆုတ်အမြှေးပါး ယောင်ခြင်း
- အဆုတ်ခဲခြင်း
- အဆုတ်သွေးကြောများအတွင်း သွေးဖိအားများခြင်း စတာတွေကြောင့်ပါ။
အစာခြေခြင်းနှင့် ဆက်စပ်သော ရင်ဘတ်အောင့်ခြင်း
အစာခြေတာနဲ့ ဆက်စပ်နေတဲ့ ရင်ဘတ်အောင့်ခြင်းမှာ
-
အစာအိမ်နာကြောင့် ရင်ပူခြင်း (အစာအိမ်ထဲမှာ အစာခြေအက်ဆစ်တွေ အထွက်များတာကြောင့်ဖြစ်ပြီး ရင်ညွှန့်နဲ့ ရင်ဘတ်တစ်လျှောက် ပူပြီးအောင့်တတ်ပါတယ်)
-
အစာရေမျိုကင်ဆာတို့လို မျိုချတဲ့လမ်းကြောင်းတစ်လျှောက်က ပြဿနာကြောင့် အောင့်တာဆိုရင် မျိုချတဲ့အချိန်မှာ ခက်ခဲပီး ရင်ဘတ်အောင့်တတ်ပါတယ်
-
သည်းခြေအိတ်နဲ့ မုန့်ချိုအိတ် ယောင်ခြင်းကြောင့် ဆိုရင်တော့
ဝမ်းဗိုက်ပိုင်းရော ရင်ဘတ်ပါ တပြိုင်တည်း အောင့်တတ်ပါတယ်။
ကြွက်သား၊ အရိုးများနှင့် ဆက်စပ်သော ရင်ဘတ်အောင့်ခြင်း
ကြွက်သားတွေနဲ့ အရိုးကြောင့်ဆိုရင်တော့
-
နံရိုးနုများ ယောင်ယမ်းခြင်း (ရင်ဘတ်အတွင်းထဲက မဟုတ်ဘဲ နုံရိုးများကို ထိလိုက်တိုင်း ပိုမိုနာကျင်နေတာမျိုးပါ)
-
ရင်ဘတ်ကြွက်သား နာခြင်း၊ ယောင်ခြင်း
-
နံရိုးထိခိုက်ဒဏ်ရာရခြင်း (နံရိုးကျိုးခြင်းကြောင့် ရင်ဘတ်အောင့်ရင် ကျိုးတဲ့နံရိုးက အဆုတ်နဲ့ နှလုံးကို ထိခိုက်နိုင်ခြေရှိတာကြောင့် ချက်ချင်း စစ်ဆေးသင့်ပါတယ်)
အခြားအကြောင်းများ
အခြားအကြောင်းတွေမှာ
-
စိုးရိမ်ထိတ်လန့်ခြင်း (အသက်ရှူမြန်တာ၊ ချွေးစေးထွက်တာ၊ နှလုံးခုန်နှုန်းမြန်တာ၊ ခေါင်းမူးတာ၊ ပျို့အန်တာ၊ သေရမှာ သို့မဟုတ် တစုံတရာကို ကြောက်လန့်တာမျိုးနဲ့ တွဲနေတတ်ပါတယ်)
-
ရေကြောက်ပေါက်ခြင်း (ရေကြောက်ပေါက်တာကြောင့် ရင်ဘတ်နဲ့ ကျောပြင်အောင့်တတ်ပါတယ်) စသည်တို့ ဖြစ်ပါတယ်။
အခု ရင်ဘတ်အောင့်ရတဲ့ အကြောင်းရင်းတွေကို သိသွားပြီဆိုတော့ စိုးရိမ်ရတဲ့ လက္ခဏာတွေနဲ့ တွဲနေတဲ့ ရင်ဘတ်အောင့်တာဆိုရင် ဆေးရုံဆေးခန်းကို ချက်ချင်းသွားပြီး နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ပြသပြီး ECG ဆွဲတာ၊ ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊ သွေးစစ်တာ၊ ကွန်ပြူတာဓာတ်မှန် ရိုက်တာ ခံယူပြီး အကြောင်းရင်းကို ရှာဖွေကုသရပါမယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။